Thursday, July 16, 2015

ကမ္ဘာ့အသက်အငယ်ဆုံး ဘီလီယံနာတစ်ဦး၏ အောင်မြင်ခြင်း လှျို့ဝှက်ချက်များ

ကမ္ဘာ့အသက်အငယ်ဆုံး ဘီလီယံနာတစ်ဦး၏ အောင်မြင်ခြင်း လှျို့ဝှက်ချက်များ
================
ရေးသူ-စည်သူ
မြန်မာနိုင်ငံမှာ Facebook အသုံးပြုသူအရေအတွက် များပြားလာခြင်းနှင့်အတူ Mark Zuckerberg ဟူသော အမည်သည်လည်း တစ်စ ထက် တစ်စ ကျော်ကြားလာလျှက်ရှိသည်။ Mark Zuckerberg တစ်ယောက် Facebook.com ကို ဘယ်လို တည်ထောင် ခဲ့ပါသလဲ။ ငွေကြေးချမ်းသာသူတစ်ဦးမဖြစ်ခဲ့သော Zuckerberg တစ်ယောက် ကမ္ဘာ့အသက်အငယ်ဆုံး ဘီလီယံနာတစ်ဦး ဖြစ် လာအောင် ဘယ်လိုလမ်းကိုလျှောက်ခဲ့ပါသလဲ။ Facebook ဆိုသော လူမှုဆက်ဆံရေး မီဒီယာကြီးတစ်ခုဖြစ်အောင် Mark Zuckerberg တစ်ယောက်တည်ထောင်ခဲ့ရပုံမှာ စိတ်ဝင်စားစရာ ကောင်းသည်ကတော့ အမှန်ပင်ဖြစ်၏။


စီးပွားရေးလုပ်ငန်း
=========
စီးပွားရေးလုပ်ငန်းဟုဆိုရာတွင် အောင်မြင်သော စီးပွားရေးလုပ်ငန်းကြီးတစ်ခု ဖြစ်မြောက်လာစေရန်အတွက် လုပ်ထုံးလုပ်နည်း၊ လုပ်ပုံကိုင်ပုံများစွာကို တွေ့ဖူးမြင်ဖူး သင်ယူကြဖူးခဲ့သည့်တိုင် သင်ယူစရာမှာ မကုန်နိုင်ကြသေးပေ။ နေ့စဉ် နေ့တိုင်းတွင် ဖြစ်ထွန်းအောင်မြင်ကြကုန်သော စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တို့၏ ရေကုန်ရေခန်းကြိုးစားအားထုတ်မှု များ နှင့် ၎င်းကြိုးစားအားထုတ်မှုများ၏ အသီးအပွင့်များဖြစ်ကြသော လူသားအများစုက တပ်မက်ကြကုန်သော အောင်မြင်မှု များသည် ကျွှန်ုပ်တို့၏ စိတ်အလျင်ကို လှုံ့ဆော်ပေးနိုင်စွမ်းရှိလှသည်။ ထိုကဲ့သို့ လှုံ့ဆော်မှုကို ပေးစွမ်းနိုင်သော အောင်မြင် သောလူသားများထဲတွင် ကမ္ဘာ့အသက်အငယ်ဆုံး ဘီလီယံနာ Mark Zuckerberg တစ်ယောက်မှာ အပါအဝင်ပင်။ ထို့အတွက် ကြောင့် ကမ္ဘာ့အသက်ငယ်ဆုံးဘီလီယံနာလေး၏ အကြောင်းကို အကြောင်းအရာမျိုးစုံ တင်ပြမှုပုံစံမျိုးစုံဖြင့် ဖေါ်ပြခဲ့ကြသော် လည်း ယခုဆောင်းပါးတွင် Mark Zuckerberg ကိုစွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ်ဖြင့် သူ့ အောင်မြင်မှုများအကြောင်းကို အလေးပေးဖေါ်ပြပေးလိုပါသည်။
ငါးနှစ်
===
ငါးနှစ်ဆိုသော အချိန်သည် အချို့သူများအတွက် အလွန်များပြားလှသည်တော့မဟုတ်ပါ။ Zuckerberg တစ်ယောက် အတွက်တော့ လက်မဲ့ဘဝမှ ကမ္ဘာကျော်ဘီလီယံနာတစ်ယောက်ဖြစ်စေရန်အတွက် လုံလောက်သော အချိန်တစ်ခုဖြစ်ခဲ့၏။ ထို့ကြောင့်သူ့အား အမှတ်မထင် ဘီလီယံနာတစ်ဦးဖြစ်လာသူ၊ Billionaire hacker ၊ ကံပေါ်၍ ခြုံပေါ်ရောက်လာသူ စသည်ဖြင့် အမည်အမျိုးမျိုးပေးချင်သလိုပေးနိုင်ခွင့်ရှိသော်လည်း လက်ရှိရရှိနေသော Mark Zuckerberg ၏ နေရာသည် သူနှင့်ထိုက်တန်၍ သာရရှိခြင်းဖြစ်သည်ကတော့ မည်သူမျှအငြင်းမပွားနိုင်သည်ကတော့ သေချာလှသည်။ Mark Zuckerberg သည် သူ၏ သက်တမ်းဝန်းကျင်မှသူများအကြားတွင် ကျောင်းမှ တစ်ဝက်တစ်ပျက်ထွက်လာသူများအကြားတွင် အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်သော်လည်း ကျွှန်ုပ်သည် ယခုဆောင်းပါးတွင် သူ၏ အောင်မြင်မှုများကို ကြေငြာဖေါ်ပြရန်မဟုတ်။ ကျွန်ုပ်ဖေါ်ပြလိုသည်မှာ Mark Zuckerberg တစ်ယောက်အောင်မြင်မှုရရှိလာစေရန် လျှောက်ခဲ့ရသောလမ်းအကြောင်းကို ဖေါ်ပြလိုရင်းဖြစ်၏။ အိပ်မက် မှလွဲ၍ ဘာမှမပိုင်ဆိုင်ထားသော တက္ကသိုလ်ကျောင်းလေးတစ်ယောက် လျှောက်ခဲ့ရသောလမ်းလည်းဖြစ်သည်။ ထိုလမ်းသည် ယနေ့ စွန့်ဦးတီထွင်သမားတို့ ထပ်တူနည်းပါးမဟုတ်သော်လည်း လျှောက်ကြရမည့်လမ်းလည်းဖြစ်ပေလိမ့်မည်။
“ငွေကြေးပမာဏကြောင့်ချည်းမဟုတ်ပါဘူး။ ကျွန်တော်နဲ့ကျွှန်တော်ရဲ့လုပ်ဖေါ်ကိုင်ဖက်တွေအဖို့ အရေးအကြီးဆုံးအချက် က ကျွန်တော်တို့ဟာ လူတွေအတွက် ပွင့်လင်းပြီး ငွေကြေးကုန်ကျမှုမရှိတဲ့ သတင်းအချက်အလက်တွေ စီးဆင်းနိုင်စေဖို့ ဖန်တီးခဲ့ကြခြင်းပဲဖြစ်ပါတယ်။ မီဒီယာ စီးပွားရေးလုပ်ငန်းအများအပြားကို အဖွဲ့အစည်းကြီးတစ်ခုထဲက ပိုင်ဆိုင်ထားခြင်းဟာ ကျွန်တော့်အတွက် ဆွဲဆောင်မှုရှိတဲ့ အိုင်ဒီယာတစ်ခုတော့ ဖြစ်မလာစေပါဘူး”
Mark Zuckerberg
အိပ်မက်
====
အချို့ကထင်တတ်ကြသည်။ Mark Zuckerberg သည် မထင်မရှားကနေ ချက်ခြင်းလက်ငင်းဆိုသလို သန်းကြွယ်သူဌေးတစ်ဦး ဖြစ်လာသည်။ Facebook ဆိုသည်ကလည်း သူ့လက်ချောင်းလေးများကိုလှုပ်ရှားရုံနှင့်ပင် (Coding ရေးဆွဲခြင်းကိုဆိုလိုတာပါ) တည်ဆောက်ခဲ့သည် ဟုဆိုကောင်းဆိုကြသော်လည်း အမှန်ကတော့ အထက်ပါအထင်များသည် မှားယွင်းနေကြသည်။ ပိန်းတိန်းတိန်း အတွေးအခေါ်များကို မတွေးကြဘူးဆိုလျှင်Mark Zuckerberg တစ်ယောက် ညတွင်းချင်း အောင်မြင်မှုတွေ ရရှိလာခြင်းမဟုတ်ဘူး ဆိုသည်ကတော့ သိသာလွန်းလှပါသည်။ အောင်မြင်ခြင်း နှင့် ချမ်းသာခြင်းတို့ ပါဝင်နေသည့်သူ့အနာဂတ်သည် အိပ်မက်လေးတစ်ခုက စတင်တာပါ။ အိပ်မက်ဆိုရာမှာ အိပ်နေတုန်းမက်သည့် အိပ်မက်မဟုတ်သလို စိတ်ကူးထဲမှာသာ ဖြစ်နိုင်ပြီး လက်တွေ့လောကမှာ ဖြစ်နိုင်ဖွယ်ရာမရှိသည့်အကြောင်းအရာများကို ဆိုခြင်းမဟုတ်ရပါ။ သူ့မှာရှိသမျှ အရာအားလုံးကိုစွန့်လွှတ် အဆုံးအရှုံးခံပြီး လုပ်ဆောင်လိုသည့် ခိုင်မာသည့်သူ့ ဆန္ဒ ကိုသာဆိုလိုရင်းဖြစ်ပါသည်။
“ဆန္ဒ သည်သာပင် အောင်မြင်ခြင်းတွေရဲ့ အစမှတ်ပါ”
Napoleon Hill
ကြီးကျယ်စွာ တွေးခေါ်ခြင်း
==============
Facebook ဆိုသည် Mark Zuckerberg ကွန်ပြူတာထဲက စီမံကိန်းတစ်ခုပါ။ တစ်ချိန်က Zuckerberg မှာ ထိုစီမံကိန်းကို ရောင်းချ နိုင်ဖို့အခွင့်အရေး ရရှိခဲ့ပေသော်လည်း သူကတော့ ငြင်းပယ်ခဲ့ပါသည်။ ဘာကြောင့်လို့ထင်ပါသနည်း။ Mark Zuckerberg တစ်ယောက် Facebook ကိုရောင်းမစားခဲ့ခြင်း၏ အကြောင်းအရင်းများထဲမှာ သူသည် ငွေပေါ်မှုကို လိုချင်ခြင်းမဟုတ်သလို ငွေကြေးရရှိနိုင်ဖို့ ကိုလည်း အလေးပေးစိတ်ဝင်စားခဲ့ခြင်းမဟုတ်လို့ပါ။ သူပိုပြီးစိတ်ဝင်စားခဲ့သည်က ကမ္ဘာကြီးကို ပြောင်းလဲပြစ်ဖို့ပါ။ ပိုမိုကောင်း မွန်သည့်ကမ္ဘာကြီးတစ်ခုဖြစ်အောင်ပြောင်းလဲပြစ်ခဲ့ချင်တာက သူ့ဆန္ဒပါ။ Facebook က သေးငယ်သည့် စီမံကိန်းလေးတစ်ခုဖြစ် ခဲ့သော်လည်းMark Zuckerberg ၏အိပ်မက်ကတော့ သေးငယ်ခြင်းမရှိသည်မှာအမှန်အကန်ပင်။
Zuckerberg ၏သူငယ်ချင်းများက Facebook ကို ကောလိပ်ကျောင်းကပေးသည့်အိမ်စာ စီမံကိန်းလို့သာမြင်ခဲ့ကြသည်။ Zuckerberg ကတော့ Facebook ကို လူများ၏ ဆက်သွယ်ရေး၊ ဆက်ဆံရေး နှင့်ပတ်သက်သော နည်းလမ်းများကိုပြောင်းလဲ ပစ်စေနိုင်သည့် နိုင်ငံတကာနှင့်ဆိုင်သည့် စီမံကိန်းတစ်ခုအဖြစ် မြင်ခဲ့ပါသည်။ နောက်တော့ လူများက Facebook သည်မီလီယံဒေါ်လာ တန်သည့် စီမံကိန်းတစ်ခုအဖြစ် ရှုမြင်သုံးသပ်လာခဲ့ကြသော်လည်း Mark Zuckerberg ကတော့ သူ့ Facebook ကို ဒေါ်လာဘီလီယတန်သည့် စီမံကိန်းတစ်ခုအဖြစ် မြင်ယောင်ခဲ့ပါသည်။ သေးငယ်သော စီးပွားရေးလုပ်ငန်းကလေးများလုပ်ဆောင်ဖို့ အိုင်ဒီယာ သင့်မှာရှိနေပြီလား။ ရှေ့လာမည့်အနာဂတ်အတွက် သင့်ကုမ္ပဏီကို ဘယ်လိုနေရာမျိုးမှာ ရပ်တည်စေလိုပါသနည်း။ မီလီယံဒေါ်လာတန်သည့် ကုမ္ပဏီတစ်ခုကို တည်ထောင်မလား၊ဘီလီယံဒေါ်လာတန်သည့် ကုမ္ပဏီကိုတည်ထောင်မလား ဘယ်လို ကုမ္ပဏီမျိုးကို တည်ထောင်ဖို့စိတ်ကူးမည်နည်း။ ဤနေရာမှာ သတိပြုရန်တစ်ခုကတော့ အောင်မြင်မှုဆိုသည် ဘယ်တော့မှ ချက်ခြင်းကြီး ဖြစ်မလာပါဘူး။ ရှေးဘဝက ကုသိုလ်ကံအကြောင်းကြောင့်လည်းမဟုတ်ရပါဘူး။ ကိုယ်တိုင်ကြိုးစားအားထုတ်နေကြသည့် ချမ်းသာ ကြွယ်ဝသူများ၏ အောင်မြင်မှုများ နောက်ကွယ်မှာ စနစ်တစ်ကျ နည်းဗျူဟာကျ ကြိုတင်ကြံဆ စီစဉ်မှုများအမြဲရှိနေကြပါသည်။
သေးငယ်ပါစေ စတင်ပါ
============
Mark Zuckerberg မှာ ကြီးကျယ်သည့် အိပ်မက်များနှင့် အံသြဖွယ်ရာ အကြံအစည်များရှိခဲ့ပါသည်။ သူ့မှာ ဘီလီယံဒေါ်လာ တန်ဖိုးရှိသည့် တစ်ကမ္ဘာလုံးအတိုင်း အတာနှင့်သက်ဆိုင်သည့် စီမံကိန်းရှိခဲ့ပါသည်။ သို့သော် သူသည် သေးငယ်စွာနှင့်ပင် စတင်ခဲ့ပါသည်။ နိမ့်ကျသည့် သူ၏စတင်မှုသည် အနည်းဆုံး စိတ်ဓါတ်ကျစရာတစ်ခုတောင် Mark Zuckerberg အတွက် မဖြစ်ခဲ့ပါဘူး။ ခပ်သေးသေး နှင့်ပင် စတင်နိုင်ခဲ့ခြင်းအပေါ် သူဘယ်တုန်းကမှ စိတ်မပျက်ခဲ့ပါဘူး။ မီလီယံဒေါ်လာတန်သည့်ရင်းနီးမတည်ငွေများကို မျှော်လင့် ရမည့်အစား သူနေသည့်ကျောင်းဆောင်မှာပင်ငွေနည်းနည်း ချွှေးများများနှင့် စတင်ခဲ့ပါသည်။ ဂုဏ်သရေအပြည့်နှင့်အောင်မြင်သည့် လုပ်ငန်းကြီးများသည် အခြေခံကစတင်ခဲ့ကြသည်ကိုနားလည်သည့် Mark Zuckerberg သည် သူ့၏အခြေခံမှစတင်ခဲ့ရခြင်းအပေါ် ဘယ်တုန်းကမှ မရှက်ခဲ့ပါဘူး။
မိမိကိုယ်ကို ယုံကြည်ပါ
=============
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုဆိုသည်မှာ အောင်မြင်မှုများကိုရယူဖို့ရန် စွန့်စားနေသူများအတွက် မရှိမဖြစ်ထားရှိရမည့်လိုအပ်ချက်တစ်ခု ဖြစ်ပြီး Mark Zuckerberg မှာ မိမိကိုယ်ကိုယ်ယုံကြည်မှု အများအပြားရှိနေသည်ကိုတွေ့ရပါသည်။ အောင်မြင်သည့် စီးပွားရေးလုပ်ငန်း တစ်ခုကို လုပ်ဆောင်ရန်အလို့ငှာ မိမိကိုယ်တိုင်မှအပ အခြားသူများကို အားကိုးပြီးလုပ်ဖို့ဆိုသည်မှာမျက်မှောက်ခေတ်မှာ မဖြစ် နိုင်သည့် အရာတစ်ခုဖြစ်နေပါပြီ။ သင်လိုချင်သည့် သင့်စိတ်ကူးထဲမှာ ရှိနေသည့် အောင်မြင်သည့် စီးပွားရေးလုပ်ငန်းတစ်ခုကိုစတင် နိုင်ဖို့နှင့် ရရှိလာမည့် အောင်မြင်မှုအပေါ်မှာ ဆက်လက်ဖွံဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ဖို့အတွက် သင်တစ်ဦးထဲမှအပ မည်သူမျှ ဆောင်ရွက်ပေးနိုင်စရာ လမ်းမရှိရှာပါဘူး။ အဓိကက ကိုယ့်ကိုယ်ကိုယ် အဆိုးမမြင်ဖို့နှင့် ကိုယ့်မှာရှိပြီးသားဖြစ်သည့်မွေးရာပါ ဗီဇ အရည်အသွေးများအပေါ်မှာ ယုံကြည်ချက်ရှိဖို့ လိုတာပါ။
“သင့်ကို ကြောင်တောင်တောင်ကောင်ရယ်လို့ပြောတာကို သင့်အနေနဲ့ ဂုဏ်ယူသင့်ပါတယ်။ သင်ယုံကြည်ရာကို လူတွေရဲ့ ဝေဖန်မှုတွေကြောင့်နဲ့တော့ စွန့်လွှတ်မပစ်လိုက်ပါနဲ့”
Trip Hawkins
စိတ်ထက်သန်မှုနောက်ကို လိုက်ဖို့မတွန့်ပါနဲ့
=========================
သင့်အနေဖြင့် ဘယ်အရာကို စိတ်ထက်သန်မှုရှိနေပါသနည်း။ သင့် စိတ်ထက်သန်မှုနောက်ကိုလိုက်နိုင်ဖို့ သင်ပြင်ဆင်ပြီးပြီလား။ သင့်စိတ်ထက်သန်မှုအတွက် သင်ဘာတွေကို ပေးဆပ်နိုင်မှာလဲ။ Mark Zuckerberg နောက်တစ်ယောက် သင်ဖြစ်ဖို့အတွက် အထက်ပါမေးခွန်းများကို မဖြစ်မနေဖြေထားသင့်ပါသည်။
Mark Zuckerberg သည် ငယ်စဉ်က Programming အပိုင်းအမှာ စိတ်ထက်သန်မှုပြင်းထန်သည့် လူငယ်လေးတစ်ဦးဖြစ်ခဲ့ပါသည်။ သူ့ စိတ်ထက်သန်မှုနောက်ကိုသာ သူ တကောက်ကောက် လိုက်ခဲ့ပါသည်။ အချို့သောအချိန်တွေမှာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ဖို့လိုအပ်ခဲ့တာတောင် သူကတော့ သူ့ရဲ့ စိတ်ထန်သန်မှုနှင့်အတူရှိနေခဲ့ပါသည်။ လူတိုင်းလူတိုင်းက Mark Zuckerberg ၏ငယ်ရွယ်သည့်အောင်မြင်မှုများကို မြတ်နိုးတတ်ကြသော်လည်း Mark တစ်ယောက် သူ့စိတ်ထက်သန်မှုများ မသေဆုံးစေရန် ဟားဗတ်တက္ကသိုလ်က တစ်ပိုင်းတစ်စ နဲ့ ထွက်လာရခြင်းအပေါ်မှာ လေးလေးနက်နက် စဉ်းစားပေးခဲ့သူ ဘယ်နှစ်ဦးရှိမည်နည်း။ ဤတစ်ခုတည်းသော စွန့်လွှတ်စွန့်စားမှုသည်သူ့အသက်အရွယ်အပိုင်းအခြားအတွင်းမှာရှိသည့် အခြားသူများထက် များစွာ ပိုမိုအောင်မြင် စေပြီး Mark Zuckerberg ကို ကမ္ဘာ့အသက်အငယ်ဆုံး ဘီလီယံနာတစ်ဦးဖြစ်စေခဲ့ပါသည်။ မသေဆုံးနိုင်သည့် အဖြေရှာဖွေခြင်းများသည် အကြမ်းထည်မှ ဘီလီယံဒေါ်လာတန် စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ဆောက်နိုင်သည့် သော့ချက် တစ်ခုပင်။
ဝေဖန်မှုများအပေါ် ပြင်ဆင်ထားပါ
======================
“ကျွှန်တော်အသက်ရှင်နေတုန်းမှာ ဘယ်သူမှ ကျွန်တော့်အကြောင်း ရုပ်ရှင်မရိုက်ဖို့ မျှော်လင့်ပါတယ်”
Mark Zuckerberg
အခြားအောင်မြင်တဲ့ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များလိုပင် Mark Zuckerberg မှာလည်းဝေဖန်ခံရမှုများရှိနေပါသည်။ ဤအတွက်နှင့်တော့ သူတစ်ခါမှ သူရဲဘောမကြောင်ခဲ့ပါဘူး။ ဝေဖန်မှုဆိုသည် ထိပ်ဆုံးကိုတက်မည့်လမ်းအတွက် လိုအပ်ချက်တစ်ခုဖြစ်ပါသည်။ ဤသည်ကို လက်ခံနိုင်ရန် သင့်အနေဖြင့် ကြိုတင်ပြင်ဆင်ထားရုံသာမက ဝေဖန်မှုများကို ကုတ်အားအဖြစ် ပြောင်းလဲပစ်ဖို့လည်းလိုအပ်ပါသည်။ ဝေဖန်မှုများအောက်မှာ ပြားပြားဝပ်နေမည့်အစား အမြင့်သို့တက်လှမ်းဖို့ လှေကားထစ်များအဖြစ် အသုံးပြုရန်လိုအပ်လှပါသည်။
ဝီရိယရှိပါ
=====
“ကျွှန်တော်တို့လုပ်နိုင်ခဲ့တယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ Page မှာ ကြော်ငြာဘယ်လောက်လက်ခံသလဲဆိုတာကို ပျှမ်းမျှ ရှာဖွေမှုနဲ့နှိုင်းယှဉ်ပြီးကြည့်ရင်ပေါ့။ ကျွန်တော်တို့ရဲ့ Page အတွက် ပျှမ်းမျှ ကြော်ငြာလက်ခံမှုနှူန်းဟာ ၁၀ ရာနှူန်းထက် နည်းနည်းနည်းပြီး ရှာဖွေမှုတွေအတွက် ပျှမ်းမျှ ကြော်ငြာလက်ခံမှုနှူန်းဟာ ၂၀ ရာနှုန်းရှိပါတယ်။ ဒါဟာ ကျွှန်တော်တို့အတွက် အရိုှးရှင်းဆုံးလုပ်ဆောင်မှုတစ်ခုလို့ဆိုနိုင်ပေမဲ့တကယ့်တကယ်တမ်းတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ လုံလောက်မှုရှိတဲ့ ငွေကြေးကှိုရှာဖွေနိုင်ခြင်းလို့သာ ဆိုနိုင်မှာပါ။ မှန်ပါတယ်။ ကျွန်တော်တို့က အလုပ်ဖြစ်မြောက်အောင်မြင်အောင် လုပ်နေကြတာပါ။ ကျွန်တော်တို့ လိုချင်တဲ့ နှုန်းအတိုင်းပဲ ကျွန်တော်တို့ ဖွံဖြိုးချင်ပါတယ်”
Mark Zuckerberg”
“ကိုယ့်ရဲ့လုပ်ငန်းအပေါ်မှာ ဝီရိယပြည့်ဝသူတစ်ယောက်ဟာ ဘုရင်တွေရဲ့ ရှေ့မှာသာရှိသင့်တာပါ။ လူ့အန္ဓတွေရဲ့ ရှေ့မှာရှိမနေသင့်ပါဘူး”
Proverbs 22:29
အဓိပ္ပါယ်ကတော့ရှင်းပါတယ်။ ချိုမြိန်ခြင်များနှင့်အောင်မြင်မှု ရှေ့မှာ ချွှေးစက်တွေရှိနေပါသည်။ ဘယ်သူမှအိတ်ကပ်ထဲလက် ထည့်ထားပြီး ထိပ်ဆုံးမှာ တက်ထိုင်ချင်လို့မရပါဘူး။ အောင်မြင်မှုရရှိပြီးသား စွန့်ဦးတီထွင်သူတိုင်း နှင့် ပညာတစ်ပိုင်းတစ်စ ဘီလီယံနာတိုင်းသည်သူတို့နေရာကို ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ခြင်းဖြင့် ပိုင်ဆိုင်ထားနိုင်ကြတာပါ။ သူများတွေ အိပ်နေချိန်မှာ အလုပ်ကို ကြိုးစားပမ်းစားလုပ်ကိုင်နေကြသည့် သူတို့သည် အောင်မြင်မှုများရရှိလာကြတော့သည်ပင်။
ဧရာမ များကိုကြောက်စရာမလို
=================
Mark Zuckerberg တစ်ယောက် သူ့Facebook ကို အင်တာနက် အသုံးပြုသူများ၏အသည်းနှလုံးသဖွယ်ဖြစ်စေချင်ခဲ့သော်လည်းဤနေရာမှာ သူ့အားပိတ်ဆို့ထားသည့်အတားအဆီးတစ်ခုက ရှိလို့နေပါသည်။ ခိုင်ခိုင်မာမာနေရာယူထားပြီး ချိုးဖြတ်လို့မရနိုင်သည့်Mark Zuckerberg ၏ဧရာမပြိုက်ဘက်ကတော့ အများသိကြတဲ့အတိုင်း Google ပါ။ Zuckerberg တစ်ယောက် Google ကို ကြောက်ရွံခဲ့သလားဆိုလျှင် အဖြေကတော့ ရှင်းလှပါသည်။ မကြောက်ရွှံခဲ့ပါဘူး။ တစ်ခါတစ်ရံမှာ အောင်မြင်မှုဆိုသည် ဧရာမကြီးများ၏ခြေရင်းကနေ ရှာတွေ့တတ်ပါသည်။ တောဘုရင် ခြင်္သေ့အပြည့်နှင့်သားရဲတွင်းကို ကျော်ဖြတ်နိုင်ဖို့ကတော့ ရဲ့ဝံ့သူများ အတွက် သီးသန့်ပါ။ ထို့ကြောင့်သာပင်လျှင် သတ္တိဟူသည် အောင်မြင်သော စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များအဖို့ မရှိ မဖြစ်ပိုင်ဆိုင်မှု ပင်ကိုလက္ခဏာဟု ဆိုရာမှာပါ။ သတ္တိမရှိလျှင် စွန့်ဦးတီထွင်ခြင်းလည်းမရှိနိုင်ပါဘူး။
အာရုံစိုက်ခြင်း
=======
“ပွင့်လင်းသော ကမ္ဘာကြီးတစ်ခု၊ ဒါဟာ ကျွှန်တော် အမှန်တကယ် ဂရုပြုတဲ့ တာဝန်ပန်းတိုင်ပါ”
Mark Zuckerberg
Facebook ဟာ ဧရာမ အင်တာနက် အဖွဲ့အစည်းကြီးတစ်ခုဖြစ်သည့်Google ကိုဘာလို့ကြံ့ကြံ့ခံ နိုင်ခဲ့ပါသနည်း။ အဖြေကတော့ ရှင်းပါသည်။ Mark Zuckerberg သည် သူ့ Facebook ၏ တာဝန်ပန်းတိုင်အပေါ်မှာသာ အာရုံစိုက်ထားနိုင်ခဲ့လို့ပါ။ ဤသို့အာရုံစူး စိုက်နိုင်မှုမျိုးကို အခြားကမ္ဘာကျော် စွန့်ဦးတီထွင် စီပွားရေးလုပ်ငန်းရှင် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များဖြစ်ကြသည့် Warren Buffett ၊ Bill Gates နှင့် Andrew Carnegie တို့ထံမှာလည်း အထူးဂရုပြုဖွယ်ရာ တွေ့မြင်နိုင်မှာဖြစ်ပါသည်။ ထွေပြားသည့် အာရုံ၏ အကျိုးသက်ရောက်မှုသည် သေးငယ်သည့်ရလဒ်ကိုသာ ပိုင်ဆိုင်ခွင့်ရှိပြီး အာရုံစူးစိုက်မှု၏အကျိုးသက်ရောက်မှုသာလျှင် ကြီးမားသည့်ရလဒ်ကိုပိုင်ဆိုင်နိုင်ခွင့်ရှိပါသည်။ထို့ကြောင့် အာရုံစူးစိုက်ပါ။
“သင့်စွမ်းအင်၊ သင့်အတွေးအမြင် နဲ့သင့်အရင်းအနှီး အပေါ် အာရုံစူးစိုက်ထားပါ”
Andrew Carnegie
စွန့်စားဖို့ သင်ယူပါ
=========
“မသေချာမှုအခရာသာမရှိဘူးဆိုရင် အကြီးမားဆုံးစီးပွားရေး အောင်မြင်မှုတွေတောင်သမားရိုးကျနိုင်မှု ၊ ငြီးငွေ့စရာ ကောင်းမှု နဲ့အတူ ကြီးကြီးမားမား စိတ်မချမ်းမွေ့ဖွယ်ရာဖြစ်နေမှာပဲ”
J.Paul Getty
“လျှပ်တပြတ် ပြောင်းလဲမှုတွေနဲ့ ယနေ့ကမ္ဘာမှာ မစွန့်စားသူတွေဟာ စွန့်ပြီး မစားကြရမယ့်သူတွေပဲဖြစ်ရမှာပါ”
Robert Kiyosaki
စွန့်စားမှုတစ်စုံတစ်ရာမရှိဘဲနှင့်တော့ မည်သည့်စွန့်ဦးတီထွင် စီးပွားရေးသမားမျှ အောင်မြင်မှုကို ရမှာမဟုတ်ပါဘူး။ Mark Zuckerberg တစ်ယောက်မှာလည်းစွန့်စားမှုများအပြည့်ရှိခဲ့သလို ရှိနေဆဲလည်းဖြစ်ပါသည်။ Mark Zuckerberg ကောလိပ်ကနေ ထွက်ပြီး Facebook စတင်တည်ထောင်ဖို့လုပ်တုန်းကလည်း စွန့်စားခဲ့ရပါသည်။ ဧရာမ အင်တာနက် ကုမ္ပဏီကြီးဖြစ်သည့် Google နှင့် ထိပ်တိုက်ရင်ဆိုင်ရတုန်းကလည်း စွန့်စားခဲ့ရသည်ပင်။ Facebook ကိုယ်၌ကလည်းအလွန့်အလွန်များပြားသည့်ဝင်ငွေရရှိနိုင်ရန် အတွက် စွန့်စားမှုတွေအမြဲတမ်းလုပ်ဆောင်နေရတာပါ။ စွန့်လွှတ်စွန့်စားမှုသာမရှိခဲ့ပါက ကမ္ဘာကြီးဟာ ပုပ်နေသည့်ရေသေ လိုကျန်နေရစ်ရတော့မှာပါ။
“စွန့်စားမှု - စမ်းချောင်းဘယ်လောက်ကျယ်မယ်ဆိုတာကို သိနေသူများအဖို့ စမ်းချောင်းထဲကို ခုန်ချဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မသိသူတွေသာ (၁၀) ယောက်မှာ (၆) ယောက်လောက်က ခုန်ချပြီး အောင်အောင်မြင်မြင်ဖြတ်ကူးနိုင်မှာပါ”
Anonymous
“ခင်ဗျားရဲ့ ကိုယ်ပိုင်ငွေနဲ့ဖြစ်စေ၊ ချေးငှားထားတဲ့ငွေနဲ့ဖြစ်စေ စွန့်စားမှုကတော့ လုပ်ကိုလုပ်ရမှာပါပဲ။ စီးပွားရေးလုပ်ငန်းတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် စွန့်စားမှုဟာ မရှိမဖြစ်ပါ”
J.Paul Getty
လုပ်ငန်းစဉ်အပေါ် စွဲမြဲပါ
=============
“စွန့်ဦးတီထွင်သူတွေရဲ့ ကစားပွဲမှာ လုပ်ငန်းစဉ်ဟာ ရည်မှန်းချက်ပန်းတိုင်ထက် ပိုပြီး အရေးကြီးပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခု ကိုစတင်တည်ထောင်တာဟာ ခရီးတစ်ခုကို စတင်ထွက်ခွာခြင်းပါပဲ။ လုပ်ငန်းစဉ် တစ်ခုပါပဲ။ အဲဒီလုပ်ငန်းစဉ်မှာ စတင်ခြင်း ရှိခဲ့သလို အဆုံးသတ်လည်းရှိနေမှာပါ။ စတင်မှု နဲ့ အဆုံးသတ် ကြားမှာတော့ စိန်ခေါ်မှုတွေက ပြည့်နှက်လို့နေပါတယ်။ လုပ်ငန်း စဉ်အပေါ်မှာ မယိုင်တဲ့သစ္စာတရားနဲ့ စွဲမြဲထားမှသာ အနိုင်ရနိုင်ချေရှိမှာ အမှန်ပါပဲ”
Rich Dad
စွန့်ဦးတီထွင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်တစ်ခု စတင်ခြင်းသည် အကြောင်းအရာတစ်ခုဖြစ်ပြီး အဆိုပါလုပ်ငန်းစဉ်အပေါ် စွဲစွဲမြဲမြဲ လုပ်ကိုင်ခြင်းသည် အခြား အကြောင်းအရာတစ်ခုသာ ဖြစ်ပါသည်။ Facebook သည် ညတွင်းချင်း အောင်မြင်လာသည့် ကုမ္ပဏီတစ်ခု မဟုတ်သလို တစ်ညတာသာ အောင်မြင်မှုရရှိခဲ့တာလည်းမဟုတ်ရပါဘူး။ သူ့အောင်မြင်မှုသည် အခန်းဆက်ဇာတ်လမ်းရှည်တစ်ခုလို ဆက်လှမ်းရမည့်ခြေလှမ်းများနှင့်ခရီးရှည်တစ်ခုလို ရရှိဖြစ်ထွန်းနေတာပါ။ Mark Zuckerbergသည် ညတွင်းချင်း ဘီလီယံနာ တစ်ယောက်ဖြစ်လာခြင်းမဟုတ်ပါဘူး။ Facebook ဖြစ်ထွန်းအောင်မြင်လာရန် နှစ်ပေါင်းများစွာ အချိန်ပေး အလုပ်လုပ်လာခဲ့သလို လက်ရှိအချိန်မှာလည်း အလုပ်လုပ်ဆောင်နေရဆဲပင်။ ဒါဟာ စွန့်ဦးတီထွင်သူတို့ရဲ့ လိပ်ပြာ ဖြစ်သလို စဉ်ဆက်မပြတ်ချင်းရဲ့ ဝိညာဉ် လဲဖြစ်ပါတယ်။
“ဆက်လုပ်ပါ။ ကမ္ဘာပေါ်မှာ ဘယ်အရာကမှ မဆုတ်မနစ်ကြိုးစားအားထုတ်မှုရဲ့ နေရာကို ဝင်မယူနိုင်ပါဘူး။ ပင်ကိုစွမ်းရည် ပါရမီ လား၊ မဖြစ်နိုင်ပါဘူး။ ပင်ကိုစွမ်းရည်ရှိတယ်ဆိုတဲ့ မအောင်မြင်တဲ့ ဘယ်သူကမှ လူသာမန် ထက်မပိုပါဘူး။ ဥာဏ်ရည် ထက်မြတ်မှုပါရမီလား၊ မဟုတ်သေးပါဘူး။ လက်ရှိကမ္ဘာကြီးမှာ အခြေမဲ့ အနေမဲ့ ပညာတတ်တွေအများကြီးပါပဲ။ မဆုတ်မနစ် ကြိုးစားအားထုတ်မှု နဲ့ စဉ်ဆက်မပြတ် စိတ်ဓါတ်ကြံ့ခိုင်မှုကသာ အရာရာကိုစွမ်းဆောင်နိုင်စွမ်းရှိတဲ့အနန္တတန်ခိုးရှင် ပါ”
Ray Kroc
နိဂုံးအနေနဲ့ဆိုရင် Mark Zuckerberg ရဲ့ အောင်မြင်မှုမှာ သာမန်ထက် ထူးကဲတဲ့အကြောင်းအရာတွေ ဘာတစ်ခုမှ မပါဝင်ပါဘူး။ ကမ္ဘာ့ အသက်ငယ်ဆုံး ဘီလီယံနာတစ်ယောက်ဖြစ်ပေါ်လာဖို့အတွက် ပုံမှန်မဟုတ်တဲ့ ဘယ်လိုဖြစ်စဉ်တွေကမှ ကူညီပေးခဲ့တာ မဟုတ်ပါဘူး။ သူ အိပ်မက်မက်ခဲ့တဲ့၊ သူ အစီအစဉ်ရေးဆွဲခဲ့တဲ့၊ သူ အလုပ်လုပ်နေတဲ့ သူနဲ့ ထိုက်တန်မှုရှိတဲ့ နေရာကို သူရရှိ ခဲ့ခြင်းပဲဖြစ်ပါတယ်။ Mark Zuckerberg ရဲ့ ပြင်းပြတဲ့ ဆန္ဒ အာသီသ၊ စူးနစ်တဲ့ အာရုံစူးစိုက်မှု နဲ့ စဉ်ဆက်မပြတ်ကြိုးစား အားထုတ်မှုတွေကသာ Facebook ကို အောင်မြင်ဖြစ်ထွန်းစေခဲ့သလို သူ့ကိုလဲ ကမ္ဘာ့အသက်ငယ်ဆုံး ဘီလီယံနာတစ်ဦးအဖြစ် ရောက်ရှိစေခဲ့တာဖြစ်ပါတယ်။ သေချာတာကတော့ Mark Zuckerberg ရဲ့ အောင်မြင်မှုမှာ ဘယ်လို ကံကြမ္မာမှ မပါဝင်ခဲ့ပါဘူး။
Ref: Ajaero Tony Martins, mytopbusinessideas.com
(Myanmar B2B Management Magazine,October 2015)

0 comments:

Post a Comment